Folic Acid

ဖောလစ်အက်ဆစ် (Folic Acid)

ဖောလစ်အက်ဆစ်သည် ခန္ဓာကိုယ်မှာ အရေးပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး ဗီတာမင် ဘီ အုပ်စုဝင်ဖြစ်ပါတယ်။ Vitamin B9, Folacin နဲ့ Folate လို့လဲခေါ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ကဆဲလ်တွေ အသစ်တည်ဆောက်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါတင်မက ခန္ဓာကိုယ်အတွက် သွေးနီဥတွေ ထုတ်ပေးဖို့ အကူညီပေးပါတယ်။  ဖောလစ်အက်ဆစ် ပမာဏနည်းသွားခြင်းကြောင့် megaloblastic anaemia လို့တဲ့ သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီ့ သွေးအားနည်းခြင်း အခြေအနေမှာ သွေးနီဥတွေက ပုံမှန်ထက် ကြီးနေတာကိုတွေ့ရပြီး အရေအတွက်လည်း နည်းနေတာကို တွေ့ရပါတယ်။ သွေးနီဥတွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တွေအားလုံးကို အောက်ဆီဂျင် ပို့ဆောင်ပေးပါတယ်။ သွေးအားနည်းခြင်း ဖြစ်လာပြီဆိုရင်တော့ တစ်သျှူးနဲ့ ဆဲလ်တွေဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် မပို့ပေးနိုင်တော့ပါ။ အောက်ဆီဂျင် လုံလုံလောက်လောက် မရှိတဲ့အတွက် ခန္ဓာကိုယ်ကလဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တာတွေ ဖြစ်တတ်ပါတယ်။ 

ဖောလစ်အက်ဆစ် ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်း (Folate deficiency Anemia) ရဲ့လက္ခဏာတွေကတော့

  • ပင်ပန်းနွမ်းနယ်ခြင်း ၊
  • ပါးစပ်တွင် အနာများပေါက်ခြင်း ၊
  • စိတ်ဆတ်ခြင်း ၊
  • အားအင်ကုန်ခန်းပြီးမောပန်းလွယ်ခြင်း ၊
  • လျှာမှာ ချောမွေ့ပြီး နာကျင်ခြင်း ၊
  • မူးဝေခြင်း ၊
  • အသားအရောင်များ ဖြူဖျော့နေခြင်း
  • ရင်တုန်ခြင်း
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်း စသည်တို့ဖြစ်ပါတယ်။

လူအများစုအနေဖြင့် လိုအပ်တဲ့ ဖောလစ်အက်ဆစ်ပမာဏကို စားသုံးတဲ့ အစားအသောက်တွေကနေ လုံလုံလောက်လောက် ရရှိပါတယ်။

ဖောလစ် အက်စစ် ကြွယ်ဝသော အစားအစာများမှာ - တိရိစ္ဆာန်အသည်း၊ ပန်းဂေါ်ဖီ၊ သဘောင်္သီး၊ ရုံးပတီသီး၊ ပဲပိစပ်၊ ချဉ်သောအသီးများ (လိမ္မော်သီး၊ သံပရာသီး၊ ကျွဲကောသီး)၊ ပဲကြား၊ ထောပတ်သီး၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲကြီး၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုး တို့ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက ဖောလစ်အက်ဆစ်ဟာ အပူကြောက်တဲ့အတွက် ဟင်းသီးဟင်းရွက်တွေကို အချိန်ကြာမြှင့်စွာ နွမ်းတဲ့အထိ ချက်ပြုတ်မယ်ဆိုရင် ဟင်းရွက်တွေမှာပါတဲ့ ဖောလစ်အက်ဆစ် ကို ပျက်စီးဆုံးရှုံးသွားစေပါတယ်။

ဖောလစ်အက်ဆစ် တနေ့တာ လိုအပ်ချက်များမှာ -

  • မွေးစမှ - ၆ လအထိ - 65 mcg
  • ၇ လ - ၁၂ လအထိ - 80 mcg
  • ၁ နှစ် - ၃ နှစ်အထိ - 150 mcg
  • ၄ နှစ် - ၈ နှစ်အထိ - 200 mcg
  • ၉ နှစ် - ၁၃ နှစ်အထိ - 300 mcg
  • ၁၄ နှစ် - ၁၈ နှစ်အထိ - 400 mcg
  • ၁၉ နှစ် နှင့် အထက် - 400 mcg
  • ကိုယ်ဝန်ဆောင် မိခင်များ - 600 mcg
  • နို့တိုက်မိခင်များ - 500 mcg

ဖောလစ်အက်ဆစ်၏ အကျိုးကျေးဇူးများ-

  • စိတ်ဖိစီးမှုများပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း
  • တချို့သော ကင်ဆာရောဂါများ (ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ စသည့်ကင်ဆာရောဂါများ) ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
  • သွေးအားနည်းရောဂါ ကာကွယ်ပေးခြင်း
  • မှတ်ဉာဏ်ချို့ယွင်းခြင်း နှင့် အယ်လ်ဇိုင်းမားကဲ့သို့သော ရောဂါများအား ကာကွယ်ပေးခြင်း
  • နှလုံးကျန်းမာရေးကို အထောက်အကူပေးခြင်း
  • အရိုးများ သန်မာစေခြင်း
  • ကိုယ်ဝန်ဆောင်များအတွက် ကောင်းကျိုးများပေးခြင်း
  • ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကြီးထွားဖို့အတွက် ဖောလစ်အက်ဆစ်ကို ပိုလိုအပ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ ကိုယ်ဝန်မဆောင်မီ အနည်းဆုံး (၁) လအလိုလောက်ကတည်းက နေ့စဉ် ဖောလစ်အက်ဆစ် 400 mcg ကို ကြိုတင်သောက်သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖော်လစ်အက်စစ် သောက်သုံးခြင်းဟာ ကလေးရဲ့ ဦးနှောက်နဲ့ ကျောရိုးမကြီးတွေမှာ မွေးရာပါ ချို့ယွင်းမှုတွေ မဖြစ်အောင် ၇၀% ထိ ကာကွယ်ပေးပါတယ်။

ခန္ဓာကိုယ်တွင် ဖောလစ်အက်ဆစ်ချို့တဲ့နိုင်စေသော အကြောင်းရင်းများ-

  • ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့အစားအသောက်များ မစားခြင်း ၊
  • အရက် အလွန်အကျွံသောက်ခြင်း ၊
  • ကျောက်ကပ်ဆေးနေရသူများ ၊
  • အူလမ်းကြောင်းတွင် ရောဂါရှိနေသူများ (ဥပမာ - Crohn’s disease, Celiac disease) ၊
  • အတက်ရောဂါတွင် အသုံးပြုသော ဆေးများနှင့် ဖောလစ်အက်ဆစ်ကိုနည်းစေသော တခြား ဆေးများ သောက်နေသောသူများ (ဥပမာ- methotrexate, sulfalazine , Trimethoprim) 

Related Blogs

American Ginseng

Vitamin K

Ginseng

Selenium

Vitamin D

Glutathione

Iron

Copper

Astaxanthin

Vitamin E

Magnesium

Vitamin B12

Biotin

Vitamin A

Zinc

Vitamin C

Collagen

Calcium